Pages

Digital Marketing ရဲ့ အစိတ်အပိုင်းများ


ပထမဆောင်းပါး မှာ ကျွန်တော်ပြောပြခဲ့တဲ့ Digital Marketing ရဲ့ အစိတ်အပိုင်းတွေကို တစ်ချက်ချင်း ရှင်းပြပါမယ်။

Social Media Marketing

တစ်ကမ္ဘာလုံးမှာ အကျယ်ပြန့်ဆုံး အသုံးပြုနေကြတဲ့ Social Network တွေကို အသုံးပြုပြီး Marketing လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုနေကြတဲ့ User သန်းပေါင်းများစွာ ရရှိနေတဲ့အတွက် Social Network တွေဟာ Marketer တွေအတွက် အကောင်းဆုံး Lead ရှာဖွေရေး အင်ဂျင်တွေ ဖြစ်လာခဲ့ပါတယ်။ အစပထမတုန်းက Mobile phone တွေမပေါများသေးတဲ့ ခေတ်တုန်းက Social Network တွေဟာ Website များအဖြစ် စတင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Mobile ဖုန်းတစ်ခေတ် ဆန်းသစ်လာခြင်းနဲ့အတူ Mobile Only Social Network များလဲ စတင်တည်ထောင်လာခဲ့ကြပါတယ်။ ကျွန်တော် သိခဲ့ဖူးတဲ့ Social Network တွေကို လက်လှမ်းမှီသလောက် တင်ပြရရင်

Facebook မပေါ်ခင်ခေတ်တုန်းက ခေတ်စားခဲ့တဲ့ Social Network များ
Myspace, Friendster, Tagged, Hi5, Ning

Facebook ခေတ်မှာ ခေတ်စားတဲ့ Social Network များ
Facebook, Twitter, Google plus, Linkedin, Pinterest, Tumblr

Mobile နဲ့ စတင်ခဲ့တဲ့ Social Network များ
Instagram, Vine, Periscope, Snapchat

မေ့ကျန်ခဲ့တာတွေလဲ ရှိဦးမှာပါ။ မှတ်မိသလောက်ရေးပြတာဖြစ်ပါတယ်။ Social Network သီးသန့်မဟုတ်ပေမယ့် Social Network တွေထဲ ထည့်ုနိုင်တဲ့ အခြား site တွေကတော့ Foursquare, Yelp, Goodreads, Stumbleupon, Delicious, Flickr စသည်တို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Facebook, Twitter, Google Plus, Linkedin, Pinterest နဲ့ Tumblr တို့ဟာလဲ Mobile ဆီကို ရွှေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသုံးအများဆုံး Social Network တွေကတော့ Facebook, Instagram, Linkedin တို့ပဲ ဖြစ်ပါတယ်။

Search Engine Optimization (SEO)

အရင်ခေတ်တုန်းက အခုလို Specific Mobile App တွေမပေါ်သေးတဲ့အတွက် Search Engine တွေဟာ အင်တာနက်ရဲ့ ဝင်ပေါက်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာလဲ လူတွေဟာ Search Engine ကိုသုံးပြီး သိလိုသမျှ ရှာဖွေနေရတုန်းပါပဲ။ ဒီအတွက် တစ်ခုခုကို ရှာဖွေလိုက်တဲ့အခါ ကိုယ့်ရဲ့ website ဟာ Search Result Page မှာ ထိပ်ဆုံးကို ရောက်ဖို့က အရေးကြီးလာပါတယ်။ ဆိုရိုးစကားတစ်ခုရှိတယ် “လူသတ်ပြီး အလောင်းဖျောက်ချင်တယ်ဆိုရင် Google ရဲ့ ဒုတိယစာမျက်နှာက အကောင်းဆုံးပဲ” တဲ့။ သဘောကတော့ လူတွေက Google ရဲ့ ပထမစာမျက်နှာကိုပဲ ကြည့်ကြတယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ Search Engine Optimization (SEO) ဆိုတာကတော့ အဲဒီ ပထမစာမျက်နှာကို (သဘာဝအတိုင်း) ရောက်ဖို့ ကြိုးစားတဲ့ နည်းလမ်းကို ပြောတာဖြစ်ပါတယ်။

Search Engine Marketing (SEM)

SEM ကတော့ SEO နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူကတော့ Google နဲ့ အခြား Search Engine တွေကို အခကြေးငွေပေးပြီး ပထမဆုံးနေရာကို ရောက်အောင် လုပ်တာဖြစ်ပါတယ်။

Display Marketing

Website တွေကို အလည်သွားတဲ့အခါ website ရဲ့ ထိပ်နားမှာဖြစ်ဖြစ်၊ ဘေးနားမှာဖြစ်ဖြစ် ပေါ်နေတတ်တဲ့ ကြော်ငြာပုံလေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ ကမ္ဘာကျော် ဆိုက်တွေဖြစ်တဲ့ Forbes တို့ Fox News တို့မှာတောင် မြန်မာနိုင်ငံက Brand တွေရဲ့ မြန်မာလို ကြော်ငြာတွေ တွေ့ဖူးကြပါလိမ့်မယ်။ အဲဒါက တကယ်တော့ သူတို့ကို မြန်မာနိုင်ငံက ကုမ္ပဏီတွေက တိုက်ရိုက် ပိုက်ဆံပေး ကြော်ငြာထားတာမဟုတ်ပါဘူး။ ကြော်ငြာ Network တွေဖြစ်တဲ့ Google Adsense လိုမျိုး Service တွေကို သုံးထားလို့ဖြစ်ပါတယ်။ သဘောက ရိုးရှင်းပါတယ်။ ကြော်ငြာရှင်က Network ကို ပိုက်ဆံပေးပြီး ကြော်ငြာထည့်တယ်၊ Network က သူနဲ့ ချိတ်ဆက်ထားတဲ့ website တွေမှာ ကြော်ငြာလိုက်ပြပေးတယ်၊ အဲဒီအတွက် သက်ဆိုင်ရာ ပြပေးတဲ့ Website က ကြော်ငြာခရဲ့ ရာခိုင်နှုန်းတစ်ခုကို ပြန်ရတယ်။ အဲဒီလို ချိတ်ဆက်ထားတာဖြစ်ပါတယ်။ Forbes မှာ မြန်မာကုမ္ပဏီကြော်ငြာတွေ့တာ တကယ်တော့ သင်က မြန်မာနိုင်ငံက သုံးနေတဲ့အတွက် ကြော်ငြာရှင်က မြန်မာနိုင်ငံကလူတွေကို Target ထားဖို့ ရွေးထားတဲ့အတွက်ဖြစ်ပါတယ်။

Email Marketing

ဒါကတော့ ရိုးပါတယ်။ Email ကနေ တဆင့် Marketing ဆင်းတာပါ။ ဒါပေမယ့် ဒီမှာလဲ နည်းနည်းလေးတော့ ပညာသားပါတဲ့နေရာလေးတွေ ရှိပါတယ်။ ဥပမာ Email Subject ပေးတာမျိုးပေါ့။ ကိုယ်ပို့လိုက်တဲ့ Email ကို စိတ်ဝင်စားပြီး ဖွင့်ကြည့်ဖြစ်အောင် ရေးတတ်ဖို့လိုသလို၊ ကိုယ့် Email က ထိရောက်အောင် ရေးနိုင်ဖို့လဲ လိုပါသေးတယ်။

Video Marketing

ဒါကတော့ Video ကို အသုံးပြုပြီး Marketing လုပ်ခြင်း၊ Video ရဲ့ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူပြီး Marketing လုပ်ခြင်း၊ Youtube Video တွေမှာ ကြော်ငြာထည့်သွင်းခြင်း စတာတွေကို ပေါင်းစုပြီး ခေါ်တာဖြစ်ပါတယ်။ ဥပမာပြောရရင် Facebook ပေါ်မှာ ဟာသ video အချို့တွေ ရိုက်တင်နေကြတဲ့ Comedy Star တွေရဲ့ Video ရှေ့မှာ Brand တွေ ကြော်ငြာထားတာ တွေ့ဖူးမှာပါ။ အဲဒါဟာလဲ Video Marketing ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒီထဲမှာ ရုပ်ရှင်ဇာတ်လမ်းထဲမှာ Brand အမှတ်တံဆိပ်တွေ၊ နာမည်တွေ ထည့်သွင်းထားတာ၊ လုပ်ဆောင်နိုင်တဲ့ Feature တွေ ထည့်သွင်းလုပ်ဆောင်ပြတာ အစရှိတဲ့ ပုံစံတွေလဲ ပါဝင်ပါတယ်။

SMS Marketing

ဒါကတော့ သိကြမှာပါ။ ကိုယ့်ဖုန်းကို Operator က SMS ပေးပို့ပြီး အခြား Brand တစ်ခုခုကို ကြော်ငြာတာမျိုးပါ။ အထူးသဖြင့် promotion ချတာမျိုးတွေ၊ event လုပ်တာမျိုးတွေမှာ ပိုသုံးတတ်ကြပါတယ်။

Influencer Marketing

ဒါကတော့ ဒီဘက်ခေတ်မှာ အသုံးများလာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လူတွေမှာ ကြော်ငြာတွေကို မြင်ရတာ များလာတော့ သိပ်ပြီး အာရုံမစိုက်မိကြတော့တဲ့အတွက် ကြော်ငြာနည်းကို ပြောင်းရပါတယ်။ ပြောင်းလဲလာတဲ့ထဲက တစ်နည်းကတော့ Influencer Marketing ပါ။ Celebrity ဒါမှမဟုတ် နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်တဲ့ သူတစ်ဦးဦးကို ချဉ်းကပ်ပြီး Brand အကြောင်း Product အကြောင်း ပြောဖို့ ငှားရမ်းတဲ့နည်းပါ။ “ဒီပစ္စည်းကိုသုံးပါ အရမ်းကောင်းတယ်” လို့တော့ ဒဲ့မပြောကြပါဘူး။ ဥပမာ Social Media မှာ သုံးပြတာမျိုး၊ ဒီပစ္စည်းသုံးရလို့ စိတ်ကျေနပ်ကြောင်း ပြောပေးတာမျိုး၊ ဒီ service ကို ကြိုက်ကြောင်း ပြောပေးတာမျိုးပါ။ Brand Ambassador ငှားတာမျိုးလဲ ဒီထဲမှာ ပါပါတယ်။

Content Marketing

ဒါကတော့ အားလုံးရဲ့ အချုပ်လို့ ပြောရမှာပါ။ Social Network, Website, Blog, TVC အစရှိတဲ့ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် Video, ဆောင်းပါး, သီချင်း, Animation, ဘယ်လိုနည်းလမ်းမျိုးကို သုံးသည်ဖြစ်စေ အဓိကပါဝင်နေတာကတော့ Content Marketing ပါပဲ။ Content Marketing ဟာ အရမ်းကျယ်ပြန့်သလို အရမ်းလဲထိရောက်ပါတယ်။ အကောင်းဆုံး ဥပမာကို ပြရရင်တော့ Digital Marketing ကို စိတ်ဝင်စားတဲ့ မိတ်ဆွေကိုယ်တိုင် Digital Marketing အကြောင်း ရေးထားတဲ့ Content ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဆောင်းပါးကို ဖတ်မိနေပြီ မဟုတ်ပါလား…

(နောက်ဆောင်းပါးမှာတော့ Social Media Marketing အကြောင်း ရှင်းပြပါမယ်။ တစ်ခုတစ်ခုချင်းစီဟာ ကျယ်ပြန့်ပြီး ပြောစရာများတဲ့အတွက် ဆောင်းပါးတစ်ပုဒ်ထက်တော့ ပိုချင် ပိုပါလိမ့်မယ်။ ဆောင်းပါးအားလုံးကိုတော့ ဒီ Page နဲ့ www.aungmonchan.com မှာ စောင့်ဖတ်နိုင်ပါတယ်)





Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram