Pages

SEO အောင်မြင်ဖို့အခြေခံ အချက်များ (On-Page, Off-page နှင့် Violations)


အရင်ဆောင်းပါး မှာ SEO အကြောင်း မိတ်ဆက်ပေးပြီးတဲ့နောက် ဒီဆောင်းပါးမှာတော့ SEO ရဲ့ အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့ On-page, Off-page နဲ့ Violations အကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်.။

ဒီအချက်တွေကိုမပြောပြခင်မှာ Google ရဲ့ Search Ranking သတ်မှတ်ပုံကို နည်းနည်းရှင်းပြချင်ပါတယ်.။ Google ဟာ Search Result တွေကို အခြေခံအားဖြင့် အချက် (၂) ချက်နဲ့ သတ်မှတ်ပါတယ်.။ Relevancy နဲ့ Importance ဆိုပြီး ခွဲခြားနိုင်ပါတယ်.။ ဥပမာ- တစ်ယောက်ယောက်က Google မှာ Android Smartphone လို့ ရှာလိုက်တယ်ဆိုပါစို့.။ Google ဟာ အဲဒီ Keyword နဲ့ ကိုက်ညီတဲ့ စာလုံးတွေပါဝင်တဲ့ Page တွေအားလုံးကို သူ့ရဲ့ Index ထဲကနေ ဆွဲထုတ်လိုက်ပါတယ်.။ ဒါဟာ Relevancy ပါပဲ.။ အဲဒီလို ဆွဲထုတ်လိုက်လို့ ထွက်လာတဲ့ page ပေါင်း သန်းရာထောင်ချီ ရှိနေတဲ့အခါမှာတော့ တစ်ပြိုင်နက်တည်းပြဖို့ မဖြစ်နိုင်တဲ့အတွက် ဘယ် Page တွေကို အရင်ဆုံးပြရမယ်၊ ဘယ် page တွေကို နောက်မှပြရမယ်လို့ ပြန်ပြီး စီရပါတယ်.။ ဒါကတော့ Importance က အလုပ်လုပ်သွားတာဖြစ်ပါတယ်.။ ဒါကိုသိပြီဆိုရင်တော့ On-page နဲ့ Off-page အကြောင်းကို ရှင်းပြလို့ရပါပြီ.။

On-page နဲ့ Off-page ကိုအလွယ်ကူဆုံး အရှင်းလင်းဆုံး ပြောရရင်


  • On-page မိမိ website ရဲ့ page တွေပေါ်မှာ မိမိကိုယ်တိုင် လုပ်လို့ရတဲ့အတွက် On-page လို့ ခေါ်ပါတယ်.။ On-page ဟာ အထက်မှာပြောပြထားတဲ့ Relevancy အတွက် အသုံးဝင်ပါတယ်.။ အထက်မှာပြောထားတဲ့ ဥပမာမှာ “Android Smartphone” ဆိုတဲ့ Keyword ကို သင့် website ရဲ့ page တွေပေါ်မှာ ထည့်သွင်းထားရင် Google က ဆွဲထုတ်လိုက်တဲ့အခါ သင့်ရဲ့ page တွေလဲ ပါဝင်သွားမှာဖြစ်ပါတယ်.။



  • Off-page ဒါကတော့ သင်ကိုယ်တိုင် တိုက်ရိုက်လုပ်လို့မရနိုင်တဲ့ SEO Factor ဖြစ်ပါတယ်.။ ဒါကြောင့် Off-page လို့ခေါ်တာပါ.။ Off-page ကတော့ Importance ကို ဆုံးဖြတ်ပါတယ်.။ သင့် page တွေဟာ “Android Smartphone” ဆိုတဲ့ Keyword အတွက် အရေးကြီးတယ်လို့ Google က ယူဆတယ်ဆိုရင် အဲဒီ Keyword နဲ့ရှာဖွေတဲ့အခါ သင့် page တွေက ရှေ့ကိုရောက်နေမှာ ဖြစ်ပါတယ်.။



(၂) ခုစလုံးဟာ အရေးကြီးပါတယ်.။ ကိုယ့်ရဲ့ Page ဟာ အကြောင်းအရာတစ်ခုနဲ့ ကိုက်ညီတယ်ဆိုတာGoogle က သိဖို့ On-page က လိုအပ်သလို ကိုယ့်ရဲ့ Page ဟာ အရေးကြီးတယ်ဆိုတာ သိပြီး အရှေ့ကိုရောက်စေဖို့ Off-page လိုအပ်ပါတယ်.။ ဒါဆိုရင် On-page ရော Off-page ကိုပါ Cover ဖြစ်စေဖို့ ဘာတွေလုပ်ရမလဲ.။ အောက်ပါ ဇယားကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်.။



ဒီဇယားဟာ Search Engine Land ရဲ့ Periodic Table of SEO Success Factors လို့ အမည်ပေးထားတဲ့ ဇယားဖြစ်ပါတယ်.။ မြင်တွေ့ရတဲ့အတိုင်းပဲ ဇယားမှာ On-page နဲ့ Off-page ဆိုပြီးအပိုင်း (၂) ပိုင်းပါဝင်ပါတယ်.။ လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကတော့ (၇) ခုပါဝင်ပါတယ်.။ အဲဒီ (၇) ခုကတော့

1.    Content (အရေးကြီးဆုံးဖြစ်ပါတယ်.။ နောက်ပိုင်းမှာ Search Engine တွေဟာ Content ပိုင်းကို အလေးထားပြီး ဆုံးဖြတ်လာကြတဲ့အတွက် သင့် website ရဲ့ Content ပိုင်းဟာ အဓိက အာရုံစိုက်ရမယ့် အပိုင်းဖြစ်ပါတယ်.။)
2.    Architecture (Website တည်ဆောက်မှုပိုင်းဖြစ်တဲ့ Title, Code, URL, Speed, Mobile Friendliness အစရှိတဲ့အချက်တွေဖြစ်ပါတယ်)
3.    HTML (HTML ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေလဲ SEO Factor တွေထဲမှာ ပါဝင်ပါတယ်)

အထက်ပါ အချက်များကတော့ On-page SEO များဖြစ်ကြပါတယ်.။

4.    Trust (သင့် website ရဲ့ Authority, ဘယ်သူတွေက recommend ပေးနေသလဲ, သမိုင်းကြောင်းက ဘယ်လိုရှိလဲ အစရှိတဲ့ အချက်တွေပါဝင်ပါတယ်)
5.    Links (သင့် website ကို link ပေးထားတဲ့ website တွေရဲ့ အဆင့်အတန်း၊ Link အရေအတွက်၊ အခြား Link နဲ့ ပတ်သက်တဲ့ အချက်တွေ ပါပါတယ်)
6.    Personal (ဘယ် နိုင်ငံတွေက သင့် website ကိုကြည့်နေလဲ၊ ဘယ်ဒေသတွေလဲ၊ လူတွေက သင့် website ကို ဘယ်လိုအသုံးပြုကြသလဲ စတာတွေပါပါတယ်)
7.    Social (Social Media တွေနဲ့ ပတ်သက်တဲ့အချက်တွေ ဖြစ်ပါတယ်)

အထက်ပါအချက် (၄) ချက်ကတော့ Off-page SEO အချက်များ ဖြစ်ပါတယ်.။

Table မှာ အစိမ်းနဲ့ ပြထားတာတွေဟာ ကောင်းမွန်တဲ့အချက်များဖြစ်ပြီး လုပ်ဆောင်သင့်ပါတယ်.။ အနီနဲ့ ပြထားတာတွေကတော့ Violations လို့ခေါ်တဲ့ မကောင်းတဲ့အချက်တွေဖြစ်ပြီး အဲဒါတွေလုပ်ရင်တော့ Search Engine Ranking မှာ အမှတ်လျှော့ခံရမှာဖြစ်ပါတယ်.။

တစ်ခုမှတ်ထားရမှာက ဘယ်အချက်ကို လုပ်ရင် SEO ကောင်းမယ်ဆိုတဲ့ သေချာတဲ့အချက် မရှိတာပါပဲ.။ အချက်အားလုံးဟာ အတူတူလိုက်လျောညီထွေရှိစွာ ကောင်းမွန်နေမှ SEO အတွက်ကောင်းမှာဖြစ်ပါတယ်.။ နောက်တစ်ချက်အနေနဲ့ SEO ဟာ ဒီနေ့လုပ် မနက်ဖြန်တက်ဆိုတာမျိုး မဟုတ်ပါဘူး.။ အချိန်လိုပါတယ်.။ အနည်းဆုံး (၆) လလောက်ကြာမှ သိသာတဲ့အကျိုးရလဒ်ကို ခံစားရမှာဖြစ်ပါတယ်.။

ဒီလောက်ဆိုရင် SEO ကောင်းမွန်ဖို့လုပ်သင့်တဲ့ အခြေခံအချက်တွေကို သိလောက်ပြီထင်ပါတယ်.။ နောက်ပိုင်းမှာ အချက် (၇) ချက်ကို တစ်ချက်ချင်း ရှင်းလင်းတင်ပြပြီး ဘာတွေလုပ်ရမယ်ဆိုတာ ဆက်ပြီးရေးပေးပါဦးမယ်.။

SEO ဆောင်းပါးများအားလုံးဖတ်ရန်

Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram